Monday, February 13, 2012

ဘဝရဲ့အမှတ်တရနေ့စွဲများ (Tag)

ဘဝရဲ့အမှတ်တရနေ့စွဲများဆိုတဲ့ ခေါင်းစဉ်လေးနဲ့ပို့စ်လေးရေးဖို့ ညီမလေး သမီးစံ ကTag ထားပါတယ်။ အမှတ်တရနေ့ရက်လေးတွေကို မှတ်မိသလောက်လေး လစဉ်အလိုက်ရေးသွားမယ်နော်။

ဇန္နဝါရီ
၂၀၀၈ ရဲ့လဆန်းပိုင်းမှာပေါ့ မိသားစုဝင်ထဲကတစ်စုံတစ်ယောက်ကြောင့် ကိုယ်တို့မောင်နှမတွေ တော်တော်လေးဝမ်းနည်းခဲ့ရတယ်။ ကိုယ့် ကိုလေး (အစ်ကိုအလတ်)ဆိုငိုတောင်ငိုတယ်။ သူအဲ့လောက်ထိဝမ်းနည်းတာ ပထမဦးဆုံးကြားဖူးခြင်းပါဘဲ။ ကိုကြီးကတော့ လူကြီးဖြစ်နေပြီဆိုတော့ ရင့်ကျက်နေပြီလေ။ ကိုယ်ကတော့အဝေးကလူဆိုတော့ဖြစ်ဖြစ်ချင်းဘာမှမသိလိုက်ဘူး။ နောက် ၃၊၄ လလောက်နေမှ သိရတာ။ အိမ်ကမိသားစုတွေက စိတ်ထိခိုက်လွယ်တဲ့ ကိုယ့်ကိုတော်ရုံဘာမှပြောမထွက်ကြဘူး။ အငယ်ဆုံးက ငယ်သာငယ်စမုံနက်ဆိုတဲ့အတိုင်း အစွာလေးရယ်။ပြောလိုက်ငိုလိုက်ပေါ့။ဒါတွေကလဲကိုယ်တို့မောင်နှမတွေရဲ့အမှားလဲပါပါတယ်။ ကိုယ်တို့တွေကအရမ်းသွေးအေးတယ်။ စကားလဲနည်းတယ်။  သူ့ရင်ထဲမှာ ကိုယ့်ရင်ထဲမှာ ဘာရှိလဲဆိုတာ သိပေမယ့်လဲ တယောက်နဲ့တယောက် ခံစားချက်တွေသိပ်မဖော်ပြတတ်ကြဘူး။ ရင်ထဲမှာဘဲသိမ်းထားတတ်ကြတယ်လေ။  ပြီးတော့အဓိကအချက်က ကိုယ့်အမှားတွေတော်တော်များများပါခဲ့တယ်။ ကိုယ်မလိမ်မာခဲ့ဘူး။ လူဆိုးစာရင်းမှာမပါပေမယ့်လဲ ဆိုးပေတစ်ယောက်ဖြစ်ခဲ့ဖူးတယ်။ အပေအတေလေးပေါ့း)
(အချပ်ပို)ခုတော့ လိမ္မာအောင်ကြိုးစားပြီးနေပါတယ်။

၈.၁.၂၀၁၁- Ice skate ဆိုတာပထမဦးဆုံးစီးဖူးတဲ့နေ့လေးတနေ့ပေါ့။
စီးတတ်သလားဆိုတော့ .... တဗိုင်းဗိုင်းနဲ့ချော်လဲလို့ ညာဖက်လက်ကောက်ဝတ်နေရာမှာနာနေရောဘဲ။ နောက်နေ့လဲကျရော တကိုယ်လုံးနာကျင်ကိုက်ခဲတာ ၃၊၄ရက်တောင်မပျောက်ပါဘူးကွယ်။

ဖေဖော်ဝါရီ
၁၂.၂.၂၀၁၀ - နှင်းဆိုတာကို ပထမဦးဆုံးမြင်တွေ့ဖူးတဲ့နေ့လေးပေါ့။ ပျော်လိုက်တာမှအရမ်းဘဲ။ ရောမမှာ နှင်းတော်ရုံတန်ရုံမကျဘူး။ နှစ်ဆယ့်ငါးနှစ်အတွင်းမှာ ဒုတိယအကြိမ်မြောက်ကျတဲ့နှင်းလို့လဲပြောကြတယ်။ ကိုယ့်အတွက်တော့ ပထမဦးဆုံးဆိုတော့ ဓာတ်ပုံလေးတွေတောင်ထွက်ရိုက်ဖြစ်လိုက်သေးတယ်။
၂၀၁၀ တုန်းကရိုက်ထားတဲ့ပုံလေးပါ...

ပြီးတော့ ၂၀၁၀ရဲ့ ဒီလထဲမှာဘဲ.....
ကိုယ်မသိလိုက်တဲ့အချိန် တစ်ဖတ်သတ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရင်ခုန်တတ်ဖို့  မျိုးစေ့ကျဲခံလိုက်ရတဲ့နေ့...
လူတစ်ယောက်နဲ့ဆုံဆည်းခဲ့ရတဲ့နေ့လေးတစ်နေ့ပေါ့။ အဲ့ဒီနေ့လေးကဘာနေ့လဲသိလား? ၁၄ရက်နေ့လေ။
ဒါပေမယ့်လေ...
မဖြစ်နိုင်တာတွေနဲ့ မဖြစ်သင့်တာတွေကြားမှာ ကိုယ့်နှလုံးသားကိုယ်လိမ်ညာပြီး ရှေ့ဆက်မတိုးဘဲ အဖြူရောင်နယ်မြေထဲကနေလက်ဆွဲနှုဆက်နိုင်မယ့်တနေ့ကိုစောင့်စားနေရင်းနဲ့...
တကယ်ဆို ကိုယ်ကတိတ်တိတ်လေး လွမ်းခဲ့ရတာလေ
စက္ကန့်တွေစိုးမိုးထားတဲ့ နာရီတွေထဲမှာ
စည်းချက်ညီနေတဲ့ ရင်ခုန်သံတိုင်းမှာ
ကြေကွဲလွမ်းမောနေတဲ့ ကဗျာတွေထဲမှာပေါ့....။

ပြီးတော့ဒီအမှတ်တရနေ့ရက်တွေအကြောင်းရေးတဲ့ ၁၃.၂. ၂၀၁၂ ကလဲ အမှတ်ရစရာနေ့လေးတစ်နေ့ဘဲပေါ့။ ဟုတ်ဖူးလား။ သမီးစံလေးရေ ဒီနေ့လေးအတွက်ကျေးဇူး။

မတ်
မတ်လရဲ့ နေ့လေးတနေ့....
တခါတရံမှာ လျှို့ဝှက်ချက်ဆိုတာစိတ်ကုန်စရာကောင်းခဲ့လေပြီလား? အင်း.... မထင်မှတ်ဘဲ လူတယောက်ရဲ့လျှို့ဝှက်တချို့ကိုသိလိုက်ရတဲ့နေ့လေးတနေ့ပေါ့။ ဖြစ်ရပ်မှန်အခြေအနေတွေကိုကိုယ်သိနေတယ်  ကိုယ်ကျေကျေနပ်နပ်နဲ့ လက်ခံထားတယ်။ ဒါပေမယ့်လဲ အဲ့ဒီနောက်ကွယ်မှာထပ်ပြီး လိမ်ညာခံနေရမှန်းသိလိုက်တော့ တော်တော်လေးဝမ်းနည်းခဲ့ရတယ်။ ဒါပေမယ့်လဲ...လျှို့ဝှက်ချက်ကို တူးဖော်မိလိုက်တဲ့ကိုယ်ကဘဲမှားခဲ့လေသလား။ တခါတလေမှာ ဒဏ်ရာဆိုတာ သူတပါးပေးမှရတာမဟုတ်ပါဘူး။ ကိုယ်ကိုတိုင်ကလဲဖန်တီးရယူတတ်ပါသေးတယ်။
(သူတပါးခွင့်ပြုချက်မပါဘဲ ခိုးပြီး ဖော်ထုတ်ခဲ့မိတဲ့အတွက်တော့ ဝန်ချတောင်းပန်ချင်ပါတယ်။ )

ဧပြီ
ဒီလရဲ့အမှတ်တရနေ့လေးကတော့ရယ်ချင်စရား)
ကိုယ်ငယ်ငယ်တုန်းကပေါ့ အဲ့အချိန်တုန်းက ကျောင်းတောင်မနေသေးဘူး။ ကိုယ်တို့အိမ်နဲ့ မနီးမဝေး မျက်စောင်းထိုးလောက်မှာ အမျိုးအိမ်တစ်အိမ်ရှိတယ်။ သင်္ကြန်ရက်လေ သူတို့အိမ်ကအပြန် ကိုယ်တို့ အိမ်ရှေ့နားမရောက်တယောက်လောက်မှာ လမ်းထဲက ကလေးတွေ (အဲ့ဒီတုန်းက သူတို့တွေက ကိုယ့်ထက်ပိုကြီးတယ်။ ၈နှစ် ၉ နှစ်အရွယ်တွေပေါ့) လေ အမေ့ကိုရေမလောင်းဘဲကိုယ့်ကိုဘဲခေါင်းကနေစပြီးလောင်းသွားကြတာဘယ်ရမလဲ ငိုလိုက်တာမှ အားရပါးရ။ အမေကပြောတယ် သင်္ကြန်ရေလောင်းတာ မငိုရဘူးတဲ့ ။ ဟင့်အင်း မရဘူး ဒီကလဲခြေနှစ်ချောင်းပွတ်ပြီးတော့ကိုငိုတာ။ ဘာလို့လဲသိလား။ ဝတ်ထားတဲ့ ဂါဝန်သစ်သစ်လေးရေစိုသွားလို့လေး)
အဲ့ဒါကိုခုထိမှတ်မိနေသေးတယ်။
ပြီးတော့ ကြီးလာတော့လဲသင်္ကြန်ဆိုတာကိုသိပ်မနှစ်သက်တတ်ဘူး။ ဒါပေမယ့်လဲ မိသားစုနဲ့အတူတစ်နှစ်တခါတော့ မလည်မဖြစ်အမြဲလိုက်လည်ရတယ်။ ကိုယ်နဲ့ အန်တီကမသွားချင်ဘူး ဒါပေမယ့်လဲ အိမ်ပေါ်ကမဆင်းလာမချင်း ဦးလေး (အန်တီ့အမျိုးသား) ကအောက်ကနေစောင့်ပြီးခေါ်တယ်။ ကိုယ့်ဘာသာသွားကြဆိုတော့လဲမသွားကြဘူး။ နောက်ဆုံးတော့ နှစ်ယောက်သား တယောက်မျက်နှာတယောက်ကြည့်  ဟင်း... ဆိုတဲ့ သက်ပြင်းချပြီး နှစ်တိုင်းတစ်နှစ်တစ်ခါလိုက်လည်ရတဲ့အဖြစ်။

မေ
မေလလောက်ကလို့ထင်တာဘဲ ခုနစ် ရက် လ အတိကျတော့ မမှတ်မိဘူး။ ဒါပေမယ့်လဲ ဒီလိုကျောင်းပိတ်ရက်ကာလလေးမှာပေါ့။ ကာမိုမီးလာဆိုတဲ့ ကလေးမ ငယ်ငယ်ကဆိုမျောက်ရှုံးအောင်ဆော့တဲ့သူ။  အစ်ကိုတွေ အစ်ကိုဝမ်းကွဲတွေနဲ့အပြိုင် သေနတ်ပစ်တမ်း ဂေါ်လီရိုက်တမ်း ဆော့တဲ့သူ။ ကိုယ့်ကိုကိုယ် ဘယ်တော့မှ သမီးဆိုပြီးမခေါ်တတ်ဘူး။ သားလို့ဘဲသုံးတယ်။(နောက်တော့ ချစ်လှစွာသောအန်တီက သမီးဆိုပြီးခေါ်တတ်အောင်မနည်းပြင်ပေးခဲ့ရတယ်။ သမီးလို့မသုံးရင် မုန့်လဲမကျွေးဘူး လိုချင်တာလဲမပေးဘူး အန်တီ့ကိုလဲစကားလာမပြောနဲ့ဆိုလို့လေ) အငယ်ဆုံးညလေးက ကိုယ်နဲ့ ခြောက်နှစ်လောက်ကွာတော့ သူနဲ့ဆော့လို့မရဘူးလေ။ အစ်မဝမ်းကွဲတွေကိုတော့ သိပ်ကြည့်လို့မရဘူး အဲ့ဒါကြောင့်သူတို့နဲ့ဆိုသိပ်မဆော့ဘူးး)  ကိုယ်တို့နေတဲ့အိမ်နဲ့ ဘေးချင်းကပ်အိမ် .. အိမ်ရှေ့ကနေသွားရင် ပတ်နေရတာ ဝေးတယ်။ အဲ့ဒါကြောင့် အဲ့နှစ်အိမ်ကြားမှာ  ခြေဖဝါးတစ်ဖက်စာလောက်သွားလို့ရတဲ့ လမ်းကလေးရှိတယ်။ အဲ့လမ်းကလေးမလဲ ကိုယ်တို့အိမ်ဘက်ကရေတိုင်ကီကြီးနဲ့ သူများအိမ်နောက်ဘက်ကတန်းလျားသဘောမျိုးဆောက်ထားတဲ့ကြားထဲမှာရှိတာ။အောက်မှာက ရေမြောင်းကြီးပေါ့။ မိုးတွင်းဘက်ဆိုရေစီးတာတဝေါဝေါနဲ့ မြင်နေရတယ်။ ခါတိုင်းလဲ အဲ့ဒီကနေဖြတ်နေကျ အဲ့နေ့ကဘေးအိမ်မှာရောက်နေတာ ပြန်မယ်လုပ်တော့ အငယ်မလေးလေ ကိုယ့်နောက်ပြေးလိုက်လာတယ်။ သူပါရင် အိမ်ရှေ့ကနေပတ်ပြန်ရမှာမို့လို့ သူမမမြင်အောင်ထွက်ပြေးတဲ့အချိန် အမေကလှမ်းအော်တယ် မြောင်းထဲပြုတ်ကျမယ်နော်တဲ့ ကိုယ်လဲအငယ်မလေးအမှီမလိုက်နိုင်အောင်ဇောနဲ့ပြေးတာ တအောင့်လောက်လဲနေကော အဲ့ဒီရေမြောင်းထဲရောက်နေတယ်။ အပေါ်ကိုလှမ်းကြည့်တော့ ခြံစည်းရိုးခတ်ထားတဲ့ကြားကနေ အစ်ကိုတွေ ဂေါ်လီရိုက် ငြင်းခုန်နေတဲ့ အသံကိုကြားရနေတယ်။ အဲ့ဒါနဲ့ လှမ်းအော်ခေါ်တာ သူတို့လဲ ဆူငြံနေတော့ တော်တော်နဲ့ မကြားကြဘူး။ တအောင့်လောက်နေတော့မှဘဲ ကိုယ့်အကိုကြီးကခေါ်သံကြားတယ်ဆိုပြီး လိုက်ရှာတော့မှ ကိုယ့်ကိုမြောင်းထဲမှာတွေ့ကြတယ်။ ခြေထောက်ချောပြီးပြုတ်ကျတာတော့သိလိုက်တယ်။ ဒါပေမယ့်ဘယ်လိုပုံဘယ်လိုနည်းနဲ့ ပြုတ်ကျလဲတော့ကိုယ့်ကိုကိုယ်မသိလိုက်ဘူး။ ဗိုက်မှာတော့ အစင်းရာတွေနဲ့ သွေးတွေစွန်းလို့။ ဘယ်လား ညာလားတော့မသိဘူး ခြေသန်းခွံတစ်ဖက်ပဲ့သွားတယ်။ လက်တွေမှာလဲပွန်းပဲ့ရာတွေနဲ့။ တော်တော်လေးခံလိုက်ရတယ်။ အဲ့တုန်းက ကိုယ်၆နှစ် ၇နှစ်ဘဲရှိပါသေးတယ်။

ဂျွန်
သက္ကရာဇ် ရာစုနှစ်တွေပြောင်းလို့
ပြက္ခဒိန်တွေလဲဟောင်းခဲ့ပြီ အဖေ..
အသစ်အသစ်တွေ ထပ်ထပ်ရောက်လာပေမယ့်
ဒီရင်ဘတ်ထဲကပုံရိပ်တွေကတော့
မပြောင်းမလဲ မဟောင်းမနွမ်းရှိနေဆဲပါ
ရာဇဝင်တွေကိုမေ့ပျောက်လို့ ရပေမယ့်
ဖျက်လို့မရတဲ့ (အဖေ့)အတိတ်ပုံရိပ်တွေက
(ဖေ့သမီးနှလုံးသားမှာ) တံဆိပ်ပုံနှိပ်ပြီးသားပါ။
အဖေ့ မွေးသက္ကရာဇ်၊ သေသက္ကရာဇ်တွေကို မသိခဲ့ရလို့ ဒီနေ့လေးက အဖေ့အသက် ၅၈၊ အဖေခွဲခွာခဲ့တာ ၁၇ နှစ်လို့ ကိုယ်ပိုင်သတ်မှတ်ခဲ့တယ် အဖေ။
ကမ္ဘာပေါ်မှာရှိတဲ့ ဖခင်တိုင်းပျော်ရွှင်ကြပါစေလို့....
၂၀.၆.၁၀ အဖေများနေ့မှာရေးခဲ့တဲ့ ဒိုင်ယာရီပေါ်ကစာမျက်နှာလေးတစ်ရွက်ပါ။

ဇူလိုင်
၁.၇.   ဒီနေ့ကတော့ ကိုယ့်ကြောင့်လူတစ်ယောက်အိပ်မှုန်စုံဘွားနဲ့ဘွဲ့သွားယူတဲ့နေ့လေးပါ။အဲ့မတိုင်ခင်တရက်က ကိုယ်ဒုက္ခပေးလိုက်လို့သူ့ခမျာ တော်တော်လေးစိတ်ပူပြီး အိပ်ရေးတွေပျက်ခဲ့ရတယ်။ သူကတော့ပြောပါတယ် အမှတ်တရဖြစ်သွားတာပေါ့တဲ့း)

သြဂုတ်
လွန်ခဲ့တဲ့ တစ်နှစ်ခွဲကျော်ကျော် သြဂုတ်လ ၈ရက်နေ့
ကိုယ်ပြောဖူးပါတယ် ကိုယ်တို့ အလည်လွန်ပြီးကျောပိုးအိတ်လေးပျောက်သွားတဲ့အကြောင်း။ အိတ်တလုံးလုံးပျောက်သွားတာဆိုတော့ ရှိသမျှအကုန်ပါကုန်တာပေါ့။အဲ့ဒီအထဲမှာ ကိုယ်အနှစ်သက်ဆုံးကင်မရာလေးလဲ ပါသွားတယ်ဆိုတာလေ။
အဲ့ဒီနေ့ကပေါ့ အိမ်အပြန်ကားပေါ်မှာ ကိုယ်စိတ်မကောင်းလို့ အိပ်ပျော်ချင်ဟန်ဆောင်ပြီး ဘယ်သူမှမသိအောင်တိတ်တိတ်လေးမျက်ရည်ကျမိတယ်။

သြဂုတ် ၂၃
ကိုယ်ရယ်၊ ကိုယ့်ကျောင်းနေဖက်သူငယ်ချင်းမလေးတစ်ယောက်ရယ်၊ တစ်စုံတစ်ယောက်နဲ့သူ့သူငယ်ချင်း.. ကျန်တဲ့သူတွေက ကိုယ်မသိတဲ့ သူစိမ်းတွေ။ တယောက်ကနေအခြားတယောက်ကို မသတ်မနေရဆိုတဲ့ အမိန့်နဲ့ လည်ပင်းဖြတ်ပြီိးသတ်ရမှာ။ လူသတ်မယ့်အဖွဲ့နဲ့ အသတ်ခံရမယ့်အဖွဲ့ နှစ်ဖွဲ့....လူတွေကလည်းအများကြီးဘဲ။ အဲ့ဒီမှာကိုယ်တို့က သတ်ရမယ့်အဖွဲ့ထဲမှာပါတာ။ကိုယ်မသတ်ချင်ဘူးဆိုပြီး ငြင်းပေမယ့်လဲမရဘူး။ အဲ့ဒါနဲ့ဘဲချွေးတွေကလဲပြန် ကြောက်ကလဲကြောက်နဲ့ နောက်ဆုံးတော့ ကိုယ်မသိမမြင်ဖူးတဲ့ လူတစ်ယောက်ကိုသတ်ခဲ့လိုက်တယ်။ အိပ်မက်ကနေလန့်နိုးတော့ တကိုယ်လုံးချွေးတွေပြန်ပြီး ကြောက်လိုက်တာမှ ပြန်တောင်အိပ်လို့မပျော်ခဲ့ပါဘူး။

စက်တင်ဘာ
ကိုယ့်ကိုအသက်တစ်နှစ်ပိုကြီးစေတဲ့ လလေးပေါ့း)

အောက်တိုဘာ
ဒီလလေးကတော့ အမြဲလိုလိုပင်ပန်းတဲ့လလေးလေ။ ဟွန့် !အမြင်ကတ်တယ်း(  ဖြစ်နိုင်ရင် ပြက္ခဒိန်ပေါ်က အောက်တိုဘာရဲ့ လဆန်းရက်လေးတွေကိုမသိမသာလေးဖျက်ထားလိုက်ချင်တယ်။

၂၂.၁၀.၁၀
ကိုယ့်ကိုကြီးက သူ့ဘဝရဲ့ ကိစ္စတခုအတွက် ကိုယ့်ကို ရင်ဖွင့်တိုင်ပင်ပြီး ကိုယ့်သဘောထားနဲ့ အမြင်ကိုတောင်းခံတဲ့နေ့လေးတနေ့ပေါ့။ဒါကကိုယ်တို့မောင်နှမတွေထဲမှာ ပထမဦးဆုံးအကြိမ်ပါဘဲ။ ကိုယ်တို့တွေဘာလုပ်လုပ်တော်ရုံတန်ရုံ ဘယ်သူ့ကိုမှ မတိုင်ပင်တတ်ပါဘူး။ ကိုယ်လုပ်ချင်တာ ကိုယ်ယုံကြည်ရာကို ကိုယ့်ဘာသာဘဲလုပ်တတ်တဲ့ အကျင့်ရှိပါတယ်။ အဲ့ဒီနေ့လေးကလဲကိုယ့်အတွက် အံ့သြပြီး အမှတ်တရဖြစ်ခဲ့ရတဲ့နေ့တွေထဲတနေ့အပါအဝင်ပေါ့။

နိုဝင်ဘာ
ဒီလလေးထဲက အမှတ်တရနေ့လေးတနေ့ကတော့
ကိုယ့်ဘဝမှာ မိသားစု သူငယ်ချင်းတွေမပါဘဲ တယောက်တည်းခရီးစထွက်ဖူးတဲ့နေ့ နိုဝင်ဘာရဲ့ ၂၄ ရက်နေ့လေးတနေ့ပေါ့။ ကို်ယ်ဘာကြောင့် အရင်တုန်းက အခုလိုမျိုးခရီးမထွက်ခဲ့တာပါလိမ့်ဆိုပြီးတော့လဲ နောင်တရလိုက်မိသေးတယ်။ 

ဒီဇင်ဘာလ
ဒီလအတွက်အမှတ်တရကတော့ ... ခရစ်စမတ်ဆိုတာပေါ့။
အိမ်မှာ Decoration တွေလုပ် ဘုရားရှစ်ခိုး ကိုယ့်အိမ်ကဖိတ်လို့ပျော်ပျော်ပါးပါးလာစားကြတဲ့မိတ်ဆွေတွေနဲ့  သူများအိမ်တွေကဖိတ်လို့ ပြန်သွားလည်ကြတဲ့အချိန်လေးလေ။ ပျော်စရာအကောင်းဆုံးအချိန်ပေါ့။ ခရစ်စမတ်ရောက်တိုင်း အိမ်ကိုလွမ်းပါတယ်။


သူများလုပ်ထားတဲ့ Snow woman လေးပါ။ 
ကိုယ်လဲပါချင်တယ်ဆိုတော့ ပြန်ပြီးတော့အအေးမိမှာစိုးလို့ ဘာမှမလုပ်လိုက်ရပါဘူး။ အားလုံးပြီးတော့မှ ဦးထုပ်လေးဆောင်းပေး မာဖလာလေးဘဲစည်းပေးရတာပါ။ 

လာရောက်လည်ပတ်ကြတဲ့ အစ်ကိုမောင်နှမများအားလုံးကိုချစ်ခင်လေးစား ကျေးဇူးတင်လျက်...
Camomilla


5 comments:

  1. မမ အမှတ်တရလေး က လအလိုက်လေး... :D :D
    Snow man လေး က ချစ်စရာလေး.. :D

    ReplyDelete
  2. ဒိုင်ယာရီးဟောင်းလေးတွေ လာဖတ်သွားတယ်... ကီးဘုတ်ကြီး ပဲ မကိုင်နဲ့လေ.. ကင်မရာလေး လည်း ကိုင် ပါ အုံး။ ဆောင်းရာသီ အီတလီ အလှတွေ မြင်ချင်တယ်..
    ခင်မင်စွာဖြင့်

    ReplyDelete
  3. ၁၂လ ရာသီ အပြည့် အမှတ်တရလေးတွေနဲ့ပေါ့ အစ်မ။ :) ကိုယ်အရမ်းမျှော်လင့်ထားတဲ့ ကိုယ့်ကို မညာလောက်ဘူးလို့ယုံကြည်ထားတဲ့လူတစ်ယောက် သူ့အကြောင်းတွေ တစ်နေရာက ပြန်သိရတဲ့ အခါ စိတ်ထိခိုက်မိတာတော့ အမှန်ပဲ။ Myat Kyi

    ReplyDelete
  4. သြဂုတ်လ ၂၃ ကအထူးအဆန်းပါလားး)
    ဒီအိပ်မက်ကိုအဆုံးထိမက်ရဲတယ်ဆိုတော့
    နည်းနည်းနောနောသတ္တိဟုတ်ဘူးနော် :D
    တစ်ချို့နေရာတွေမှာ.ကောင်းကောင်းကြီးလျှိုထားတာကို
    အားမရတာကလွဲလို့..း))
    ထူးခြားကောင်းမွန်တဲ့..ဆယ့်နှစ်လရာသီအမှတ်တရများအကြောင်း
    ဖတ်ခွင့်ရတဲ့အတွက်..ကျေးဇူးပါနော်မမမိုးး)

    ချစ်ခင်လျှက်
    မိစံ

    ReplyDelete
  5. လ လေးတွေအလိုက် ခွဲခြားပြီးရေးပြထာတာတွေအားလုံးစိတ်ဝင်စားဖို့ကောင်းတယ်
    ဆယ်နှစ်လရာသီအမှတ်တရလို့ရေးရင်လဲရတယ်နော်
    ချစ်တဲ့ jasmine

    ReplyDelete