Saturday, December 3, 2011

Capri

Sorrento မှာညအိပ်ပြီး နောက်တနေ့မနက် ၈နာရီခွဲမှာ Inlaid သစ်သားနဲ့လုပ်တဲ့လူ့အသုံးအဆောင်ပစ္စည်းထုတ်လုပ်တဲ့ စက်ရုံကိုသွားလေ့လာခဲ့ပါတယ်။ ဒီဇိုင်းပုံဖော်ရတာအဆင့်ဆင့်နဲ့တော်တော်လေးလက်ဝင်ပြီးတော့ လှလဲအရမ်းလှပါတယ်။ 



ဒီစားပွဲခုံတလုံးက ငါးမျိုးသုံးလို့ရပါတယ်။(အပေါ်ကမီးချောင်းတွေကြောင့် ပုံတွေကသိပ်မလှပါဘူး)


ဈေးနှုန်းကလဲမသေးလှပါဘူး။ ယူရို ၃၀၀၀ ပါတဲ့။


ဒါလေးတွေမြင်တော့ ... တပည့်ကြီး တပည့်ကြီးဆိုပြီး ခေါ်တဲ့  (ဆရာလို့အခေါ်ခံချင်လေတဲ့) Chess ကစားနည်းသင်ပေးတဲ့ ကိုယ့်ဆရာ
    Mr. Game ကိုသတိရလို့အမှတ်တရအနေနဲ့ ရိုက်လာခဲ့တာ။ တနေ့နေ့တော့ ဆရာနဲ့တပည့် တစ်ပွဲတစ်လမ်းလောက်နွှဲကြသေးတာပေါ့းP

အဲဒီနေရာကနေပြန်ထွက်လာတော့ Capri သွားဖို့ သင်္ဘောဆိပ်ကိုခရီးဆက်ပါတယ်။ 




Capri သွားဖို့စီးခဲ့ရတဲ့သင်္ဘောပါ

ရောက်ပါပြီကွယ်..



ကိုယ့်ကိုကြိုဆိုနှုတ်ဆက်ဖို့အပြေးကလေးလာနေတဲ့ လှိုင်းကလေးတွေလေ... သိပ်ချစ်ဖို့ကောင်းတယ်။
သူတို့လေးတွေကကိုယ့်ကိုပြုံးပျော်စေတယ်။သူတို့လေးတွေကြောင့်ဘဲကိုယ်ကြည်နူးခဲ့ရတာလေ။ 







Blue grotto  ကိုသွားရင်စီးရတဲ့လှေကလေးတွေလေ..
ရာသီဥတုကသာယာပေမယ့် ပင်လယ်ရေမငြိမ်ဘူး။
ဂူဝင်ပေါက်ကအရမ်းကျဉ်းတော့ လှိုင်းထနေရင် အန္တရာယ်ရှိလို့ သွားလို့မရခဲ့ပါဘူး။
ဒါနဲ့ဘဲ ရှေ့ဆက်ချီတက်..။
ကိုယ်တို့ ဂိုက်ကလဲဘယ်နေရာမှာဘာရှိတယ်ဆိုပြီးလမ်းညွှန်တယ်။ မပျောက်စေရဘူးတဲ့ တစ်နာအတွင်းပြန်လာခဲ့တဲ့ ဆိုပြီး တာလွှတ်ပေးလိုက်တယ်။ 

 Augustus Gardens ကိုရောက်ခဲ့ပါတယ်။ 
အဲ့လိုလမ်းကျဉ်းလေးထဲကနေဖြတ်သွားရတာပါ။






အဲ့ဒီအောက်ကိုရောက်ဖို့ နာရီဝက်နီးပါးလောက်သွားရမယ်ထင်တယ်။

အောက်ကိုရောက်ဖို့သွားရတဲ့လမ်းလေးလေ။ နာရီကြည့်လိုက်တော့အချိန်မရှိတော့တာနဲ့ ခရီးရဲ့ လေးပုံတစ်ပုံလောက်ဘဲရောက်ဖြစ်ခဲ့လိုက်တယ်။
အောက်ကနေပြန်တက်လာတဲ့သူတစ်ယောက်ကိုတွေ့လို့ အောက်ကိုရောက်ခဲ့လား ဘာတွေရှိလဲလို့မေးလိုက်တော့ ရောက်ပါတယ်တဲ့ ရေတွေရှိပါတယ်တဲ့ (သူပြောတာလဲဟုတ်တော့ဟုတ်သား) တချို့တွေလဲငါးမျှားနေကြတယ်တဲ့ အရမ်းလှတယ်လို့လဲပြောပါသေးတယ်။ 

ရောက်တဲ့နေရာကနေအပေါ်ကိုပြန်လှမ်းရိုက်လိုက်တာ။ အပေါ်ကနေလှမ်းရိုက်လိုက်တဲ့နေရာက ဘယ်ဘက်ကျောက်တောင်ပေါ်ကကာထားတဲ့နေရာလေးပါ။




 ပန်းပွင့်လေးတွေပါအောင်လို့    သံတိုင်တွေကြားထဲကနေခဲရာခဲဆစ် လှမ်းရိုက်လိုက်တာ
လှဘူးလား....
အနီးကပ်ဆွဲပြီးရိုက်ထားတာ။ ဒီလောက်တောင်ကြည်လင်ရှင်းသန့်နေတဲ့ရေကိုထိတွေ့ခွင့်မရလိုက်တာ ကံမကောင်းသလိုတောင်ခံစားလိုက်ရတယ်။ ဒါပေမယ့်လဲ Capri ကထွက်ပြေးသွားမှာမှမဟုတ်တာ နောက်လဲလာလို့ရပါသေးတယ်လို့ဖြေသိမ့်ပြီး ချိန်းထားတဲ့နေရာကိုသုတ်ခြေတင်ရပါတော့တယ်။


Limoncello ပုလင်းတွေပါ။ သောက်ချင်စရာလေးတွေပါ ဒါပေမယ့်လဲတော်တော်လေးပြင်းပါတယ်။



နောက်တော့နေ့လည်စာစားဖို့ Anacapri ကိုထပ်ပြီးခရီးဆက်ကြပြန်ပါတယ်။ ဘယ်ဘက်ကကျောက်တောင်မှာဖောက်ထားတဲ့ တစ်လမ်းမောင်းတောင်ပတ်လမ်းကနေသွားတာ အပေါ်ကနေအောက်ကိုလှမ်းကြည့်တာအသည်းယားဖို့ကောင်းသလို  တော်တော်လေးလဲလှပါတယ်။ ဇာတ်လမ်းကအဲ့ဒီမှာစတော့တာပါဘဲ။ ပထမတစ်ရက်ကတည်းကအစားကောင်းကောင်းမစားဖြစ်ဘူး။ မာတဲ့အစာတွေ ဆားငံတဲ့အစာတွေဆိုကိုယ်မစားနိုင်ပါဘူး။ ကိုယ်ကအစားအသောက်ရွေးတာလဲပါတာပေါ့လေ။ ဒုတိယနေ့မနက်စာလဲ သိပ်မစားဖြစ်ဘူး။ တနေကုန်လျှောက်လည် ဓာတ်ပုံရိုက်နေတာဗိုက်ဆာမှန်းတောင်မသိဘူး။ နေ့လည်စာ စစားတဲ့အချိန်လဲရောက်ရောကိုယ့်အစာအိမ်ကဘာမှကိုလက်မခံတော့ပါဘူး။ ကမ္ဘာကြီးလဲချာချာလည်တော့တာပါဘဲ။ နောက်ထပ်ဘာအစီအစဉ်တွေရှိသေးလဲလို့ ဂိုက်ကိုမေးကြည့်လိုက်တော့ နေ့လည်စာစားပြီးရင် ကိုယ်ပိုင်အချိန်တစ်နာရီလည်ပတ်ကြည့်ရှုခွင့်ပေးပြီး Blue grotto သွားလို့မရတဲ့အတွက် အဲ့ဒီအစား Faraglioni (ကျောက်တောင်ကြီးသုံးတောင်) ရှိတဲ့နေရာကိုလိုက်ပို့ပေးပြီးရင်ပြီးပြီလို့ဆိုပါတယ်။ နေ့လည်စာလဲဘာမှမစားနိုင်ခဲ့ပါဘူး။ ထိုင်ခုံလေးမှာဘဲအနားယူပြီး 
ကျောက်တောင်ရောက်တော့ လူကဓာတ်ပုံတောင်မရိုက်နိုင်တော့ပါဘူး။ ကျောက်တောင်ကလဲ မော်တော်နဲ့အနီးကပ်သွားကြည့်ရတာမဟုတ်ဘဲနဲ့ ခပ်လှမ်းလှမ်းကနေဘဲကြည့်ရတာပါ သိပ်တော့မတန်ပါဘူး။ Capri ကအပြန်မှာသင်္ဘောပေါ်ကနေကြည့်ရတဲ့ရှုခင်းကတော့်တော့်ကိုလှသဗျား။ တကယ်ပါ။ မှတ်တမ်းမတင်နိုင်ခဲ့တဲ့အတွက်စိတ်တောင်မကောင်းဖြစ်မိတယ်။ သူများတွေတော့ဓာတ်ပုံတွေတဖျတ်ဖျတ်ရိုက်လို့ ကိုယ့်မှာတော့....သနားစရာ။
အိမ်ပြန်ရောက်တော့ ဆန်ပြုတ်သောက်တာတောင်အစာမကြေတဲ့အခြေအနေနဲ့ သုံးရက်လောက်ခံလိုက်ရပါတယ်။


သူတို့တွေနေ့လည်စာပြီးတော့ ကိုယ်လဲနေမကောင်းတာနဲ့ ဘာမှလျှောက်မကြည့်နိုင်တော့ဘဲထိုင်ခုံမှဘဲ အနားယူလိုက်တော့တယ်။ ကိုယ့်ဘေးနားကခုံနဲ့ ကိုယ့်ရှေ့တည့်တည့်ကခုံတန်းလေးတွေလေ။ ဝါသနာကဘယ်လောက်တောင်လဲဆိုရင် နေမကောင်းတဲ့ကြားထဲကတောင် ...
လက်ကအငြိမ်မနေနိုင်ဘူး။

ဒါကတော့ Capri ကျွန်းလေးမှာကိုယ့်ရဲ့ The last shoot လေးပါ။ ကိုယ်ထိုင်နေတဲ့ ထိုင်ခုံတန်းလျားလေးကနေအပေါ်ကိုမော့ကြည့်လိုက်တော့ အရိုးပြိုင်းပြိုင်းထနေတဲ့ သစ်ပင်လေးမှာ သိပ်မကြာခင်အတောအတွင်းမှာကြွေကျမြေခတော့မယ့် လှုပ်လီလှုပ်လက်သာကျန်တော့တဲ့ ရော်ရွက်ဝါအိုအိုတွေ ကိုကြည့်ပြီးရင်း ကြည့်ရင်း ....


လာလည်ကြတဲ့မိတ်ဆွေသင်္ဂဟအပေါင်း ကျန်းမာချမ်းသာကြပါစေကြောင်း ဆုတောင်းရင်း ကျေးဇူးတင်စွာဖြင့်...။



9 comments:

  1. ရှုခင်းလေးတွေကပြောစရာမလိုအောင်
    သာသာယာယာရှိနေတာပါ
    ဓါတ်ပုံရိုက်တဲ့သူကလဲတော်တယ်
    စာရေးထားတာတွေလဲစိတ်ဝင်စားဖို့အတော်ကိုကောင်းတယ်
    အားလုံးပြည့်စုံအောင်သိခဲ့ရပါတယ်
    ခင်ခင်မင်မင် jasmine
    လင့်လေးချိပ်ထားလိုက်မယ်နော်အသစ်တင်ရင်သိရအောင်လို့

    ReplyDelete
  2. မမရေ.. ကျန်းမာရေးဂရုစိုက်ပါနော်.. ဓာတ်ပုံလေးတွေက Pro ဆန်တယ်.. ကင်မရာလည်း ကောင်းမယ်ထင်တယ်နော် .. တကယ်ရောက်သွားသလိုကို ခံစားရတယ် :D

    ReplyDelete
  3. ပုံလေးတွေထဲကရှု့ခင်းတွေကတော်တော်လှပြီးသာယာတယ်နော်
    စာဖတ်ပြီးအားပေးသွားပါတယ်
    ခင်မင်စွာအားပေးလျှက်

    ReplyDelete
  4. တခါလောက်တော့ရောက်ဖူးချင်လိုက်တား)

    ReplyDelete
  5. ပုံတွေကြည့်ပြီးစိတ်ကြည်နူးမှုရခဲ့လို့ကျေးဇူးပါဗျာ
    follower လဲလုပ်ခဲ့ပါတယ်

    ReplyDelete
  6. သူငယ်ချင်းရေ
    စီဘောက်မတွေ့လို့ဒီကဘဲနှုတ်ဆက်လိုက်တယ်
    Merry"X" mas and Happy New Year,,,,နော်
    ကျန်းမာရေးလည်းဂရုစိုက်ပါဗျာ

    ReplyDelete
  7. ညီမ ပို့စ်အသစ် တင်ဦးလေ...း) ဟိ..။ အစ်မရဲ့ ပို့စ်တစ်ခုမှာ တက်ဂ်ထားတယ် ညီမကို။ အဆင်ပြေရင် ရေးပေးနော်။ http://redroseofburma.blogspot.com/2011/12/tag.html

    ReplyDelete
  8. တော် တော် ခရီး သွားတယ် နော်.. ဓါတ်ပုံတွေ လှ လိုက်တာ။ မရောက်ဘူးသေး တဲ့ နေရာ မို့ အကုန်လုံး လှ နေတယ်.. လမ်းတွေ က လည်း အံမခန်းဘဲ။ အီတလီ ကို သင်္ဘော လိုက် တုံး က နေရာ တော်တော်များများ ရောက်ဘူးတယ်.. တံတား တွေ လမ်း တွေ က ကျောက် တောင်တွေ ကို ဖြတ် ဖောက် ထား တာ တွေ များတယ်.. အရမ်းလှ တဲ့ နိုင်ငံပါ. ခရစ္စမတ် မှာ ပျော်ရွင် ပါစေ နော်....

    ReplyDelete
  9. အိုဆူအိုခလေး....
    follower လုပ်ခဲ့တယ် မမရေ

    ReplyDelete